သပွတ် บวบ
သပွတ်ပင်၏ အင်္ဂလိပ်အ မည်မှာ sponge gourd, Egyptian cucumber နှင့် Vietnamese luffa ဟု ခေါ်ဆိုကြပြီး ယင်း၏ သိပ္ပံအမည်မှာ Luffa aegyptiaca Mil. ဟုခေါ်ဆိုကာ ခဝဲ၊ ဖယုံ၊ ဗူး၊ သခွားတို့နှင့် မျိုးရင်းတူ သည့် Cucurbitaceae တွင်ပါဝင်၏။ သပွတ်ပင်တွင် အခါးနှင့် အချို ဟူပြီး အမျိုးအစား နှစ်မျိုးရှိ၏။ သပွတ်ပင်သည် အာရှနှင့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့တွင် သဘာဝအလျှောက် ပေါက်ရောက်သည့်အပင်မျိုးဖြစ်၏။ ၁၈၉၀ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ သပွတ်ပင်ကို စီးပွားဖြစ် စိုက်ပျိုးခဲ့ကြပြီး ယင်းမှသည် အမေရိကန်ပြည်ထောင်စုရှိ သမပိုင်းဒေသများသို့ သယ်ဆောင်စိုက်ပျိုးကြသည်ဟု ဆို၏။ ယနေ့ခေတ်တွင် သပွတ်ပင်ကို ကမ္ဘာပေါ်ရှိ အပူပိုင်းနှင့် နွေးသမပိုင်းရာသီဥတုရှိသည့်ဒေသများဖြစ်သည့် အာဖရိကတိုက်၊ အမေရိကတိုက် အလယ်ပိုင်းနှင့် တောင်ပိုင်း၊ အာရှတိုက်ရှိ နိုင်ငံများ အထူးသဖြင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဖြစ်ထွန်းလာကြ၏။

Comments
Post a Comment