ပေါက် จาน

 


ပေါက်ပင် (Flame of the forest)

Butea monosperma (Lam.) Kuntze
Family: Fabaceae (pea family) ပဲမျိုးရင်း
Eng names : Flame of forest
Bastard teak, parrot tree, Keshu (panjabi)
မနေ့( 22.2.2020)က မုံရွာတက္ကသိုလ်၊ ရုက္ခဗေဒ ကျောင်းသူကျောင်းသားဟောင်းများရဲ့ စတုတ္ထအကြိမ် အာစရိယပူဇော်ပွဲ ဖြစ်ပါတယ်၊ ဒီပွဲမှာ ငယ်သူငယ်ချင်းများနှင့်ပြန်ဆုံရလို့ အရမ်းပျော်ပါတယ်၊ ဆရာမကြီး ဒေါ်ခင်မြမြ က "မင်းရေးတာတွေ ဖတ်ရတယ် ၊ ဖတ်ပြီး ငယ်ဘဝကိုသတိရတယ်" ဆိုတော့ စိတ်ထဲမှာ ဝမ်းသာကြည်နူးမိတယ်၊ အချိန်ရရင် ကျိုးစားပြီးရေးရမှာပါ၊ ဆရာကြီး ဆရာမကြီးတို့ ကန်တော့ချိန်က "ပေါက်ပန်း"များပွင့်သည့်အချိန်နဲ့လည်း တိုက်ဆိုင်လို့နေပါတယ်။ ရေးဖူးသော post လေးကို ပြန်ရှာပြီး တင်လိုက်တယ်၊ ပုံအချို့ကို ဒီနှစ်အတွက် ထပ်ရိုက်ရတယ်၊
ဆောင်းကမကုန်သေး အအေးဓာတ်က ရှိနေသေးတယ် ဒါပေမည့် ပေါက်ပန်းတွေက ပွင့်လို့နေပါဘီ၊ ဆောင်းအကုန် နွေအကူးကာလမှာ အရွက်တွေခြွေချတတ်ပြီး ရဲရဲနီတဲ့ ပေါက်ပန်းတွေပွင့်တတ်ပါတယ်၊ ပုသိမ်တက္ကသိုလ် ကို အသွား ကားပေါ်က လှမ်းကြည့်ရင် လယ်ကွင်းအစပ်မှာ တပင်ထဲ ထီးထီးဖြစ်နေသော ပေါက်ပင်ကို အဝေးကပင်မြင်ရတယ်၊ ပေါက်ဆိုတာကလည်း ကျန်သောအချိန်မှာ မသိသာပေမည့် ပန်းပွင့်ချိန်မှာတော့ အတော်လှသော အပင်ပါ၊ အပင်အောက်ကိုသွားပြီး ဓာတ်ပုံရိုက်ခြင်သော်လည်း ဆုတောင်းက မပြည့်ခဲ့ ၊ ပန်းအရောင်က ရဲရဲနီသော အဆင်းရှိနေတာမို့ ပေါက်ပန်းတွေကို တောအုပ်ထဲက မီးတောက်များ Flame-of-the-forest လို့ တင်စားရခြင်းဖြစ်တယ်၊ အရွက်ကင်းသော အကိုင်းပေါ်ကနေ အပွင့်တွေ စုထွက်နေပုံက မီးတောက်လောင်နေသော မီးတောက်ပမာဖြစ်နေတယ်၊ ငယ်ငယ်က ဆိုခဲ့ဖူးသော ကဗျာလေးထဲမှာ..."ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် ... ဗျိုင်းနားလို့ ကိုင်းရတယ်.....ဗျိုင်း ဘာကြောင့်နားရတယ် ... ငါးပေါ်လို့ နားရတယ်...ငါး ဘာကြောင့် ပေါ်ရတယ် ... ကျွဲလူးလို့ ပေါ်ရတယ်....စသည်ဖြင့်ဆိုခဲ့ဘူးတယ် ၊ အညာရနံသင်းသော ကဗျာလေးပါ၊ ပေါက် နဲ့ အညာ ခွဲခြားမရစကောင်းပါ။
"ပေါက်လဲရယ်တဲ့ ပွင့်စီစီ" ဆိုသည့်အတိုင်း "ပေါက်လဲပန်း"များ လှိုင်လှိုင်ပွင့်သော လဟာ တပို့တွဲလ ဖြစ်တယ်၊ ကျနော်တို့ တက္ကသိုလ်အသီးသီး ထမနဲထိုးပြိုင်ပွဲ ကျင်းပသောလဖြစ်တယ်၊ မြန်မာစာဆရာတဦးက မေးတယ်၊ "ပေါက်လဲပန်း" ဆိုသည်မှာ ဘယ်လိုပန်းမျိုးလည်းဆရာတဲ့၊ "ပေါက်ပန်း"ကို တပိုတွဲလရဲ့ ပန်းရယ်လို့ ခေါ်တာသိပါတယ်၊ ဒါပေမည့် ပေါက်လဲ ဆိုတော့ အရှင်းရခက်တယ်ဆရာတဲ့၊ ဒီဆရာကတော့ မြွေဖမ်းပြီ၊ ဒါနဲ့ Checklist 2003 ထဲဝင်ရှာတော့လည်း မရှိ၊ ပေါက်လဲပန်းရယ်လို့မကြားဖူးပါ၊ ဒါပေမည့် ကြားဖူးတာတခုကို ဆက်စပ်ပြီး ရှင်းပြလိုက်မိတယ်၊ ပေါက်ပင် (Butea Monosperma) နဲ့ လဲမှို့ ပင်( Ceiba pentandra) စသော tree အပင် ၂ ပင်စလုံးအညာမှာရှိတယ်၊ တပြိုင်နက်ထဲလည်း ပွင့်ကြတယ်၊ ပန်း ၂ မျိုးစလုံးအမည်ကို ပေါင်းစပ်ပြီး "ပေါက်လဲပန်း" လို့ ခေါ်တာဖြစ်နိုင်ကြောင်း ရှင်းပြလိုက်တယ် ၊ လဲမှို့ပင်ဆိုတာကလည်း အညာမှာပေါမှပေါပါဘိသနဲ၊ ဒါပေမည့် လဲမှို့ပန်းပွင့်တာကို လူတွေ သိပ်မသိကြဘူး၊ ပန်းအရောင်က စိမ်းဝါဝါ အပွင့်ကငယ်တယ်၊ သူကို အသီးသီးမှ သိလာကြတယ်၊ တထွာကျော်ကျော်အသီးတောင့်ကြီးတွေ လေထဲတွဲလျားကျနေတယ်၊ အတွင်းကရတဲ့ လဲမှို့က တန်ဖိုးကြီး တယ်၊ ခေါင်းအုံးမွှေ့ယာ လုပ်ကြတယ် ၊ ပေါက်ပင်ကတော့ ပုံထဲက အတိုင်း အဆုပ်လိုက် အခိုင်လိုက် ပွင့်ပုံက တခြားအပင်တွေနဲ့ လုံးဝမတူ၊ မှန်တာမမှန်တာကထက် ၊ ရုက္ခဗေဒရှုထောင့်ကနေရှင်းပြလိုက်တော့ မြန်မာစာဆရာတော့ အတော် လေးကြေနပ်သွားပုံဘဲ၊
ပေါက်ဆိုတာ ပဲပင်အကြီးစားကြီးပါ
ပေါက်ပင်ရဲ့ မူရင်းနိုင်ငံက အန္ဒိယ ဖြစ်ပြီး Southeast Asia, Bangladish, Cambodia, Vietnam, Malaysia, Indoneshia တွေမှာလည်းပေါက်တယ်၊ အပင်ကြီးမျိုးထဲမှာပါပြီး အပင်အမြင့်က ပေ ၄၀ ကျော်ပါတယ် dry season_deciduous tree အမျိုးအစားပါ၊ ၊ အခေါက်တွေက မွဲပြာပြာ အရောင် အညိုရောင်ဖြော့ဖြော့ပါ၊ ပဲမျိုးရင်းထဲပါတာမို့လည်း အရွက်တွေက ရွက်ပေါင်းတွေဖြစ်ပါတယ်၊ ငှက်မွှေးရွက်ပေါင်းဖြစ်ပြီး သူ့မှာကြီးမါးသော ရွက်မွှာ ၃ ခုပါပါတယ် ၊ အခြားပဲမျိုးရင်းဝင်အပင်တွေရဲ့ အရွက်တွေထက်ကြီးပါတယ်၊ တခါတလေ 20 cm လောက်ရှိလို့နေပါတယ်၊ အရွက်တွေက မာကြောပြီး coriaceous ပုံစံပါ၊
December ကနေ January လောက်ဆို အရွက်တွေခြွေချတတ်ပြီး ပုံမှန်ဆိုရင် ဖေဖော်ဝါရီ လောက်ဆိုရင် ရဲရဲနီသော ပေါက်ပန်းတို့ပွင့်လို့နေပါဘီ ၊ ပွင့်ဖတ်အုံ calyx တွေက dark brown အရောင်ဖြစ်ပြီးအမွှေးများရှိပါတယ်၊ ပွင့်ချပ် petals တွေကတော့ တောက်ပသော bright orange- red အရောင်ပါ၊ ဝတ်ဆံဖိုတွေက အစုအစည်းလိုက်ဖြစ်ပြီး ၂ စုစည်း diadelphous ဖြစ်လို့နေပါတယ်၊ အသီးတောင့်ကို pod လို့ခေါ်ပြီး အက်ကွဲသီး အမျိုးအစားပါ၊ အပင်ရဲ့ဆေးဝင် အင်္ဂါတွေက အရွက် အစေး ပန်းပွင့် အစေ့ နဲ့ အခေါက်တွေပါ၊
ဒီအပင်က Ayurveda ဆေးဖက်ဝင် အပင်တပင် အနေနဲ့ ထင်ရှားလှတယ်၊ အစေ့ကို purgative ဝမ်းနှုတ်ဆေးအနေနဲ့ သုံးနိုင်သလို၊ ဆီးရွှင်ဆေး diuretic ၊ သံချဆေး၊ anthelmintic၊ ကပ်ပါးပိုးများနှိမ်နှင်းရာမှာလည်းအသုံးပြုနိုင်ပါတယ်၊ အထူးသဖြင့် အမှုံ့ထောင်းထားသော အစေ့ မှုံ့ဟာ အူလမ်းကြောင်းမှာရှိသော ကပ်ပါးပိုးတွေကို နှိမ်နှင်းနိုင်တယ်လို့ သိရတယ်၊ အစေ့မှုံ့နဲ့ သံပုရာ ရောပြီး rubefacient ( အရေပြားနီမြန်းဆေး ) အနေနဲ့သုံလျှင် အတော်ကို အစွမ်းထက်တယ်လို့ သိရပါတယ်၊ အရေပြားယားယံခြင်းတွေလည်းသက်သာစေနိုင်တယ်၊ ပန်းပွင့်နဲ့ အရွက်တွေကို diuretic aphrodisiac အနေနဲ့ အသုံးပြုကြသလို pelvic region တင်ပဆုံရိုးခွေတဝိုက် သွေး စီးဆင်းမှုကို မြန်ဆန်စေပါတယ်၊ ကာလဝမ်းရောဂါ ဝမ်းစိမ်းလျောခြင်း ခေါ် diarrhoea ဖြစ်နေရင် flower infusion အပွင့်ပြုတ် အရည် ပေးရင် သက်သာ စေပါတယ်၊
ပင်စည်အခေါက်ကနေထွက်တဲ့ အစေး မှာ astringent action ချုပ်စေနိုင်သော ဂုဏ်သတ္တိရှိလို့နေပါတယ်၊ ဒါ့အပြင် haemorrage ခေါ် သွေးသွန်ခြင်း သွေးထွက်ခြင်းများကုသရာမှာ အသုံးဝင်ပါတယ်၊ အစေ့ကို သံချဆေး သုံးနိုင်သလို ဝမ်းပြော့ဆေး laxative အနေနဲ့လည်းသုံးကြတယ်၊ အစေ့အပေါ်ကအုပ်ထားသော အစေ့ခွံ kernel ကို အခြောက်ခံထုထောင်းအမှုန့်လုပ်ပြီးပျားရည်နဲ့ရောပြီးသောက်ရင် အူလမ်းကြောင်း ကပ်ပါး ရောဂါတွေပျောက်ကင်းစေပါတယ်၊ အစေ့မှုန့် နဲ့ သစ်ဂျပိုးအမှုန့်က ရေနွေးနဲ့သောက်သုံးရင် ဝမ်းကိုက်ရောဂါသက်သာစေတယ်၊
လက်တဆုပ်စာရှိသော ပေါက်ပန်းကို ရေ၁လီတာနဲ့ပြုတ် ပြီးရင် အရည်ကိုစစ်ယူ သတ္ထုဆားအနဲငယ် ထည့်ပြီး သောက်ခြင်းဖြင့် ဆီးသွားရလွယ်ကူစေပြီး ရောဂါသက်သာစေပါတယ် ( အပွင့်အမည် "ပေါက်ပွင့်" ဆိုတာနဲ့လည်း လိုက်တယ် ပေါက် တာများ ပွင့် သွားစေရမယ် ) ၊ အပွင့်တွေက သွေးကိုသန့်စင်စေပြီး ခန္ဓာကိုယ်မှ အဆိပ်များကိုဖယ်ရှားပေးပါတယ်၊ ဒါ့အပြင် boil, diabetes ဆီးချိုရောဂါ , ulcer တွေကိုလည်း ကုသနိုင်ပါသေးတယ်၊ ဆေးဖက်ဝင်သော်လည်း အစေ့မှုန့်တွေက ကာလတိုဘဲသုံးစွဲသင့်တယ်၊ သူ့ကို ကြာရှည်စွဲသုံးရင် ဘေးထွက်ဆိုးကျိုးတွေရှိတယ်၊ ကြွက် ခွေး ယုန်တွေကို ကြာရှည်ကြွေးကြည့်ရာမှာ anaemia, gross dilation of stomach, gastric inflammation, liver enlargement, spleen enlargement တွေတွေ့လာရတယ်၊

Comments

Popular posts from this blog

ความเห็นในการใช้ชื่อภาษาไทยกับอิงคะวิชชาธาตุพม่า

ဇောင်ချမ်းပင် ไก่ไห้ หรือควายเลีย

sex doll မယ်တော်