သပွတ် บวบ
Luffa aegyptica
သပွတ်ပင်အမည်ခံ အပင်အမျိုးမျိုး ရှိသည့်အနက် အနွယ်ပင်ဖြစ်သော သပွတ်သည် ကျူကာဗီတေစီအီး (Cucurbitaceae) မျိုးရင်းတွင်ပါဝင်၍ ခဝဲပင်(Luffa acutangula)၊ ပဲလင်းမြွေပင် (Trichosanthes cucumerina)၊ ဘူးပင်၊ ဖရုံပင် (Cucurbita maxima နှင့် Cucurbita pepo)၊ သခွားတို့နှင့် မျိုးရင်းတူဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် လွတ်ဖားအီဂျစ်တီးကား(Luffa aegyptiaca)ဟုခေါ်သည်။ အာရှတိုက် အပူပိုင်း ဒေသများ၌ မူလပေါက်ရောက်ခဲ့ရာမှ အနွေးပိုင်းဒေသများသို့လည်း မျိုးပြန့်ခဲ့သည်။ မြန်မာနိုင်ငံတွင် အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်း၍ အချို့အရပ်ဒေသများတွင်အလေ့ကျပေါက်ရောက်လေသည်။
သပွတ်နွယ်ကို နှစ်စဉ်စိုက်ပျိုးရ၍ ထိုနွယ်ပင်သည် နှစ်ခုသို့မဟုတ် ထိုထက်ပိုမိုသော နွယ်နှာမောင်းများဖြင့် စင်ကိုဖြစ်စေ၊ အခြားအပင်များကိုဖြစ်စေ လိမ်ယှက်တွယ်ကပ် ပေါက်ရောက်သည်။ အရွက်များသည် ရွက်လွှဲထွက် ကြသည်။ အရင်းကား၍ အဖျားရှူးကာ ငါးထောင့်ချွန်း ပုံသဏ္ဍန်ရှိသော ထိုအရွက်များသည် အတန်ငယ်ဟိုက်၍ နှုတ်ခမ်းသားတွင် ခွေးသွားစိတ်ကလေးများရှိသည်။ နှစ်လက်မခန့်ရှိသော ရွက်ညှာရှိသည့်နေရာတွင် အရွက်သည် ချိုင့်ဝင်နေသည်။ အရွက် ၏အောက်ဘက်ရှိ အကြောများပေါ်တွင် မွှေးနုကလေး များရှိသည်။

Comments
Post a Comment