ကညင် ကညင် (Dipterocarpus alatus Roxb. ex G. Don) Common Name:: Hairy-Leafed Apitong, Gurjin,Yang Synonyms :: Dipterocarpus alatus Roxb. syn.Dipterocarpus philipinensis. Family Name. :: Dipterocarpaceae ၄င်းမျိုးရင်း၌ပါဝင်သောအပင်များမှာ- ကညင်နီ၊ ကညင်ဖြူ၊ ကညင်ပြန်၊ ကညင်ကုပ်၊ ကညင်ကြောင်ချေး၊ ကညင်ဝက်တောင်း ဟူ၍ အမျိုးမျိုး ကွဲပြားလျက်ရှိသောကြောင့် အပင်ကိုလည်းကောင်း၊ ခွဲစိတ်ပြီး ကညင်သားကိုလည်းကောင်း မြင်ရုံမျှဖြင့် မည်သည့် ကညင်ပင်မျိုး ဖြစ်သည်ကို တိကျစွာ ခွဲခြားသိနိုင်ရန် ခဲယဉ်းသည်။ အထက်မြန်မာပြည်၌ ကညင်နီပင်များကို အများအပြား တွေ့ရ၍ အောက်မြန်မာပြည်၌ ကညင်ဖြူပင်မျိုးကို အများအပြား တွေ့နိုင်သည်။ ခြုံ၍ပြောရလျှင် ကညင်ပင်တို့သည် အလွန် ကြီးမားသော အပင်မျိုးဖြစ်သည်။ အချို့သည် အမြင့်ပေ ၁၅ဝ ခန့်၊ ပင်စည်လုံးပတ် ၁၅ ပေခန့်အထိ ရှိတတ်သည်။ ထိုကဲ့သို့ မြင့်မားသော အပင်ကြီးများတွင် အရင်းပိုင်း ပေ ၇ဝ မှ ပေ ၁၀ဝ လောက်အထိမှာ အကိုင်းအခက်များ ကင်းစင်ကာ ဖြောင့်စင်းနေတတ်သည်။ အခေါက်အပွေးမှာ အလွန်ချောမွတ်၏။ ကညင်ပင်သည် အစုလိုက် မပေါက်ဘဲ ပြောက်ကျားပေါက်လေ့ ရှိ၍ မြန်မာနိ...